Friday, November 30, 2007

အတွေးလှေကြီးပျော်ပျော်စီး


ရိုးသားခြင်းဆိုတာ ဘာလဲလို့ သေချာသိတဲ့လူများရှိရင် ပြောပြကြပါ။ လူတစ်ယောက်ရဲ့ ရိုးသားခြင်းဟာ ငါးပါးသီလလား။ပညတ်တော်ဆယ်ပါးလား။ ကမ္ဘာကိုရေနဲ့ ဆေးတုန်းက ကျန်နေခဲ့တဲ့ မိသားစုလား။ အင်ဂျလီနာဂျိုလီရဲ့ နှုတ်ခမ်းထူထူလား။ရမ္မက်ရနံ့သင်းပျံ့နေတဲ့ ချီးဗက်စ်(CHIVAS)တစ်ခွက်လား။ ယမကာလုလင်လို့အဆိုပြုကြတဲ့ကဗျာဆရာတွေရဲ့သူပုန်ဆန်တဲ့စိတ်ကူးစတွေလား။ နိုင်ငံအတွက်လူသတ်တဲ့ သေနတ်တစ်လက်လား။ ပန်းပေါင်းများစွာကိုဝတ်ရည်စုတ်ထားတဲ့ ပြည့်ရှင်မင်းကြီးတစ်ပါးလား။ ဘုရားရှိခိုးနေတုန်း အီးထပေါက်မိတဲ့ ကလေးငယ်တစ်ယောက်လား။ ဒါမှမဟုတ် သမီးမင်္ဂလာပွဲအတွက် တစ်နိုင်ငံလုံးကစိန်ကို ထုတ်ဆင်တဲ့ ခပ်ညံ့ညံ့ ဖခင်တစ်ယောက်လား ။

ခပ်ကြောင်ကြောင်တွေးမိသမျှဆိုရင် ရိုးသားခြင်းကို ရေကန်တစ်ခုလို မြင်မိတယ်။ လူတွေဟာ ကန်ထဲကရေကိုခပ်သောက်ကြတယ်။ ပြီးတော့ ကန်ခြေရင်းမှာလည်း သေးပေါက်ကြတယ်။ကန်ထဲဆင်းလို့ ရေချိုးကြတယ်။ ရှိသမျှအညစ်အပတ်တွေကိုလည်း ရေထဲနှစ်လို့ဆေးကြောကြတယ်။ ဒါပဲလေ...လူတစ်ယောက်ရဲ့ဘဝဆိုတာ တစ်ခြားတစ်ယောက်အတွက် ဘယ်လောက်မှမကြီးကျယ်ပါဘူး ကိုယ့်အတွေးတွေ၊ ကိုယ့်အိပ်မက်တွေ ၊ ကိုယ့်အဖြစ်အပျက်တွေ အားလုံးကိုတောင် သေချာမမှတ်မိနိုင်တဲ့ လူတစ်ယောက်ဟာ သူတစ်ပါးအကြောင်းကို သေချာသိဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ယုတ်အစွဆုံး နီးကပ်လှပါတယ်ဆိုတဲ့ သားသမီးနဲ့မိဘတောင် တကယ်တမ်းမှာ တစ်ယောက်နဲ့တစ်ယောက် သေချာသိတယ်ဆိုတာ သိပ်ကိုရှားတယ်။ အဲ့ဒိတော့ ခိုးဆိုးလုယက်နေတဲ့ ဓါးပြတစ်ယောက်ဟာ ကာမေသုကံကို လုံးဝမကျူးလွန်တဲ့ သူဖြစ်နိုင်သလို စင်ပေါ်တက်ပြီးဟောပြောနေတဲ့ ဓမ္မဆရာတစ်ယောက်ဟာ မိန်းမနဲ့ကလေးကို ရိုက်နှက်သူတစ်ဦးလည်း ဖြစ်နေနိုင်တာပဲငြိမ်းချမ်းရေးအတွက် အသံကုန်ကြွေးနေတဲ့လူတစ်ဦးတောင် ငွေကြေးအတွက် ကိုယ့်မောင်နှမချင်းကို ရန်စောင်နေသူတစ်ဦး ဖြစ်လောက်တယ်။

ဒီလိုလူတွေဟာတစ်ယောက်ကိုတစ်ယောက် judgeလုပ်ကြတယ်။ ထင်မြင်ချက်ပေးကြတယ်။ ရေကန်လေးနားကိုလာပြီး ရေကြည်နေတာလေးတွေ့တော့။ အို သန့်ရှင်းနေတာပဲဆိုပြီး ခပ်သောက်ကြတယ်။ ညစ်ပတ်သတ်နေတာတွေ့တော့ နှာခေါင်းရှုံ့ကြတယ်။ အမှိုက်တွေကို ဆယ်ပြီးလွှင့်ပြစ်သွားတဲ့ သူတွေရှိသလို လူမမြင်အောင် အီးပါချသွားတဲ့ သူတွေလည်းရှိတယ်။ အဆိပ်တွေပြစ်ချ အရောင်ဆိုး ပြီးတော့ လက်ညှိုးထိုးပြီး လူတကာရှေ့မှာ အပုတ်ချတယ်။ရေဆိုတာကတော့ ကျလာသမျှတွေကို လက်ခံပြီးဖျောပြစ်ရတာပဲလေ သူ့မှာရွေးစရာမှမရှိတာ။ အဲ့ဒိတော့ မသန့်ရှင်းတာတစ်ခုခု ဝင်လာပြီဆိုရင်တော့ သူ့ရဲ့ သန့်ရှင်းမှုကကျသွားပြီပေါ့။ ရေမှာ pH7ကိုထိန်းထားနိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲသလို လူတွေရိုးသားကြဖို့ မလွယ်ဘူး။ အဲ့ဒါဟာ ဗုဒ္ဓပြောခဲ့တဲ့ အလယ်အလတ်လမ်းစဉ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ခရစ်ယာန်ကျမ်းစာမှာတော့ “ကျမ်းစာလာသည်ကား ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ နားလည်သောသူမရှိ။ ဘုရားသခင်ကိုရှာသောသူမရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှမရှိ”တဲ့။ခရစ်ယာန်တို့ရဲ့ ထာဝရဘုရားသခင်ကတော့ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းလို့မှတ်ယူပါတယ်။ ဘုရားကို ယုံကြည်ပြီး သူပြောတဲ့အတိုင်း လိုက်လျှောက်တယ်ဆိုရင် ရိုးသားဖြောင့်မတ်တယ်ပေါ့။ ကျမ်းစာကတော့ တစ်ယောက်မှမရှိဘူးပြောလေရဲ့။

လူရိုးကို သင်္ချိုင်းကုန်းမှာရှာဆိုတဲ့ ဒီလောကကြီးရဲ့ အဲ့ဒိသဘောတရားတွေ ကြားမှာရိုးသားဖို့ မကြိုးစားဘူး ခိုးစားဖို့လည်း တွေးမထားတော့ဘူး။ ကိုယ်မြင်တဲ့အပိုင်းလေးသက်သက်နဲ့ ရေတစ်စက်ရဲ့အဓိပ္ပါယ်ကို ဖွင့်နေကြတဲ့ လူတွေကို ကြည့်ရတာလည်း စိတ်ကုန်တယ်။ အဲ့လို ပေါက်ကရတွေ လျှောက်လျှောက်တွေးနေတဲ့ ကိုယ့်ကိုကိုယ်လည်းစိတ်ကုန်တယ်။ ဒီစိတ်ကုန်တဲ့စိတ်ကိုလည်း စိတ်ကုန်တယ်။ အဲ့ဒါတွေကြောင့် သူများကိုလည်း judge မလုပ်မိအောင်နေတယ်။ တစ်ခါတစ်လေတော့ လုပ်မိတုန်းပဲ။ အဲ့ဒါပေါ့ မရိုးသားနိုင်ပါဘူးဆိုတာ။

ရှိချင်မှလဲရှိမယ့် ရှိချင်ရင်လည်းရှိမယ့် အဲ့ဒိရိုးသားခြင်းကို အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးစားနေရတာလဲ သိပ်ကို အချိန်ကုန်တာပဲ။ ကဲခုံချင်တဲ့လူတွေလည်း ငြင်းနိုင်ပါတယ်။ လုံချင်တဲ့လူတွေလည်း ယုံနိုင်ပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာသဘောထားကွဲလွဲခွင့် ရှိတာပဲလေ။ ဒီစာကိုဖတ်ပြီးသွားတဲ့အခါ ပေးစရာအဖြေရှိရင် နည်းနည်းလောက်တော့မျှဝေကြပါအုံးဗျာ..အားလုံးကို ကျေးဇူး ကမ္ဘာပါ ..


သိပ်တော့မခက်ခဲပါဘူး
အိပ်မက်တွေကိုပဲ ဖြည်းဖြည်းချင်းသတ်စားနေလိုက်တော့တယ်
ခုတော့ သူပုန်လုံးလုံးကိုဖြစ်လို့

မှတ်ချက်။ ။လွတ်လပ်စွာရေးသားထားသော ရောက်တက်ရာရာစိတ်ကူးများသာ ဖြစ်ပါသည်။မည်သူ့မည်သူကိုမှ ထိခိုက်စေလိုခြင်းမရှိပါ =)

3 comments:

Mintasay said...

လှပတဲ့ပုန်ကန်မှုတစ်ခုပါပဲ...အရမ်းဖတ်လို့ကောင်းတယ်

su myat said...

ချစ်.. ဟုတ်ပနော် ရိုးသားမှုဆိုတာ ရေလိုပါပဲ.. ဒီအသက်အရွယ် ရောက်လာတဲ့အခါ ကိုယ့်အတိတ်ကို ပြန်ကြည့်လိုက်တော့ မရိုးသားခဲ့တာတွေ အများကြီးပဲ။ ရိုးသားနိုင်သူတစ်ယောက် မဖြစ်နိုင်တော့ရင်တောင် သူတပါးကို မထိခိုက်တဲ့ မရိုးသားမှုလောက်ကိုပဲ ကျူးလွန်မိတဲ့သူဖြစ်ဖို့ ကြိုးစားနေပါတယ်..

သဇင်ဏီ said...

ရိုးသားမူကတော့ ကိုယ်ကိုတိုင်တောင်မရှိတော့ သူများဆီကလဲ မမျှော်လင့်ပါဘူး...
ဒီပို့စ်လေးလဲကောင်းတယ်